သနပ်ပင် ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)ခရမ်းညောင်ပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဖြူဖြူသက်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးအလုပ်သမားအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဖြူဖြူသက်နှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွါးစေမည့် ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှုစေခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)