ပန်းတောင်းမြို့နယ်၌ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းတောင်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထုများ အသက်အန္တရာယ်ဆုံးရှုံးနစ်နာမှုများ လျော့နည်းပပျောက်လာစေရန်နှင့် မိုးကြိုးပစ်ခြင်း၏ သဘောသဘာဝများနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို လေ့လာမှတ်သားလိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်​​​ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်မှ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြုမူနေထိုင်သင့်သည့် ပုံစံများ၊ ရှောင်ကြဥ်ရမည့် လှုပ်ရှားမှုပုံစံများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် အ.ထ.က (ပန်းတောင်း) ကျောင်းသားများမှ မိုးကြိုးဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံအား သရုပ်ပြတင်ဆက်ခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်မှ မိုးကြိုးဘေးနှင့် လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်မိုးဦးမှ CPR လုပ်နည်းနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)