မိုင်းပျဉ်းမြို့ အ.ထ.က−ခွဲကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မိုင်းပျဉ်း ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ (၂) နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အသိပညာပေးအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကအမှာစကားပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်က ငလျင်ဖြစ်ပေါ်ရခြင်းအကြောင်း၊ ငလျင်ဖြစ်ပွားနေစဉ်ဆောင်ရွက်ရန်အချက်များ၊ ငလျင်ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်သက်မွန်ဌေးတင်က ငလျင်ဖြစ်ပွားစဉ် လှုပ်ရှားနေထိုင်ဆောင်ရွက်ရမည့် အခြေအနေများကို လက်တွေ့သရုပ်ပြသပေးသည်။ ထို့နောက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို အစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်၍ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။          

နန်းသန္တာဦး(ပြန်/ဆက်)