ပုသိမ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ(၁၆)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Geotextole ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် Geotextile ကမ်းထိန်းတမံ အလျား ၂၁၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်ပြီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယခုအခါ မြစ်ရေမြင့်တက်လာပြီဖြစ်၍ ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံများ၏ ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိစေရေး မျက်ခြေမပြတ် စောင့်ကြည့်ဆောင်ရွက်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ပြုပြုပြင်ဆောင်ရွက်ရန်၊ မြစ်ဖြတ်တူးမြောင်းအတွင်း ရေစီးရေလာကောင်းမွန်ပြီး ပိတ်ဆို့တိမ်ကောမှုမရှိစေရန် စစ်ဆေးဆောင်ရွက်ရန်နှင့်လိုအပ်ပါက သောင်တူးဖော်နိုင်ရန်အတွက် သောင်တူးရေယာဉ်များ အဆင်သင့်ဖြစ်နေစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကိုင်းချောင်း ကျေးရွာအုပ်စု၊ မဲဇလီညွန့်ကျေး ရွာအနီး၊ ဖြတ်တာ ၁-င နှင့် ဟင်္သာတကမ်းနာတာကြားတွင် မဲဇလီညွန့်ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်း အလျား ၃၀၅၀ပေ၊ တာထိပ်အကျယ် ၁၄ ပေ၊ အောက်ခြေအကျယ် ၆၃ ပေ၊ ပျမ်းမျှအမြင့် ၁၄ ပေရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲဇလီညွန့်ဖြတ်တာလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မြစ်ရေမြင့်တက်မှု၊ မြစ်ရေကြီးမှုမှကာကွယ်နိုင်ရေး ဖြတ်တာများတည်ဆောက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာတမံများကြံ့ခိုင်ရေးအတွက် ရေကင်းချထားဆောင်ရွက်ရေး၊ ဖြတ်တာလုပ်ငန်းဆောင်ရွက်ရာတွင် တာကြံ့ခိုင်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင်နှစ်က မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် လူနေအိမ်များဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရာ ယာယီစာသင်ဆောင် ဆောက်လုပ်သင်ကြားလျက်ရှိသော ဖောင်ဆိပ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်စေရေးနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ကောင်းမွန်ရေး၊ မိုးတွင်းကာလ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရေးတို့ကိုမှာကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးကိရိယာများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)