မအူပင် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူး၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ(ဝါးတောရေတံခါး)ရှိ ညောင်တုန်း ကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာမိုင် ၂၄/၂ တွင် ဆောင်ရွက်သည်။
ဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမျိုးထိုက်မှ ရေဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု၊ အစီရင်ခံမှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ဦးစီးအရာရှိဦးခင်မြင့်မှ အရေးပေါ်အခြေအနေအဆင့် သတ်မှတ်ခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တာရေကျော်ခြင်းအတွက် သဲအိတ်ဆင်ခြင်း၊ ရေပေါက်ပေါက်ခြင်းအတွက် ရေခွေခွေခြင်းနှင့် သဲဗွက်ထခြင်းအတွက် ရေခွေခွေခြင်းလုပ်ငန်းများ လက်တွေ့သရုပ်ပြဆောင်ရွက်နေမှုအား တက်ရောက်လာသူများမှ ကြည့်ရှု့အားပေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်မှ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
အဆိုပါရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲအခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)