ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဟင်္သာတ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် နံနက် ၈ နာရီက နည်းပညာတက္ကသိုလ် (ဟင်္သာတ) ကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးမည့် ပျိုးပင်များအား ခရိုင်ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးတို့က သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ပြီး သစ်ပင်စိုက်ပျိုးပွဲကို ဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများကလည်း မိမိတို့သတ်မှတ်နေရာများ အလိုက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဟင်္သာတခရိုင် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတု မျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား စသည့် သစ်မျိုး(၁၂)မျိုး စုစုပေါင်း ၁၅၁၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ၊ ဟင်္သာတခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်သက်သက်ဦး၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၇) ဦး တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)