ကျောက်တံခါး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ထပ်ဆောင်းထိုးနှံကြမည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)