အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်း မှန်ကန်တိကျစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြို့ပင်ကောက် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်တိကျစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက လူဦးရေဆိုင်ရာကိစ္စရပ်များ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် ပါရှိမလာစေရေး လူဦးရေစာရင်း တိကျစွာမှတ်တမ်းတင်နိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး၊ မြို့မရဲစခန်းမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက လူဦးရေစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဇေယျတု (ပြန်/ဆက်)