ဖြူးမြို့နယ်၌ (၆၅) ကြိမ်မြောက် ပဋိစ္စသမုပ္ပါဒ်စာအောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်

ဖြူး ဇွန် ၁၇

(၆၅) ကြိမ်မြောက် ပဋိစ္စသမုပ္ပါဒ်ရေးဖြေစာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များ၊ သီလရှင်၊ ကျောင်းသား/သူများအား စာအောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းကို ဇွန် ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ရွှေကျင်မြောက်ကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဋိစ္စသမုပ္ပါဒ်ရေးဖြေစာမေးပွဲတွင် ပဋိစ္စသမုပ္ပါဒ်ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်များတွင် အောင်မြင်မှုဌာနပထမ၊ ဌာနဒုတိယနှင့် ဌာနတတိယ၊ ပဋိစ္စသမုပ္ပါဒ်စတုတ္ထအဆင့်တွင် ရိုးရိုးအောင်မြင်မှုများဖြင့် အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များ၊ကျောင်းသား/ သူများအား ဖြူးမြို့နယ် ပဋိစ္စသမုပ္ပါဒ်သြဝါဒ စရိယဆရာတော်ကြီးများ၊ ဖြူးမြို့နယ် ပဋိစ္စသမုပ္ပါဒ်ပြန့်ပွားရေးအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်အဖွဲ့များက စာအောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပဋိစ္စသမုပ္ပါဒ်ရေးဖြေစာမေးပွဲကို အဂ္ဂမဟာပဏ္ဍိတညောင်လေးပင်တောရ ပဓာနနာယကဆရာတော်ကြီးမှ ပရိယတ္တိသာသနာတော်တိုးတက်စည်ပင်ပြန့်ပွားရန်၊ အမျိုးဘာသာသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စီစဥ်တော်မူသည့်အတိုင်း ဖြူးမြို့နယ်၌ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စာမေးပွဲကို(၁၈-၁-၂၀၂၅)ရက်ဖြူးမြို့နယ် သာသနာ့ဗိမာန်တွင် ဖြေဆိုခဲ့ပြီး စတုတ္ထအဆင့် စာမေးပွဲကို (၁၉-၁-၂၀၂၅) ရက်နေ့တွင် ညောင်လေးပင်စာမေးပွဲကျင်းပရေးဗဟိုဌာန ညောင်လေးပင်တောရကျောင်းတွင် သွားရောက်ဖြေဆိုခဲ့ကြောင်း ဖြူးမြို့နယ် ပဋိစ္စသမုပ္ပါဒ်ပြန့်ပွားရေးအဖွဲ့မှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)