ဟင်္သာတမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်)ထယ်ထိုးထည့်သွင်း စိုက်ပျိုးပွဲကျင်းပ

ဟင်္သာတ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ်()ရပ်ကွက်ရှိ ကွင်းအမှတ်(၁၄၈၄)၊ ဦးပိုင်အမှတ်(၉၄)၊ တောင်သူဦးကြည်စိုးပိုင် လယ်မြေ(.၅၀)ဧက၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းနှင့် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်း အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သစ်စိမ်းမြေဩဇာမျိုးစေ့များအား တောင်သူ ဦးကြည်စိုးထံပေးအပ်ခြင်း၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းမှ သစ်စိမ်းမြေဩဇာမျိုးစေ့များအား တောင်သူဦးလှကြွေ ထံပေးအပ်ခြင်း၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်မှ တောင်သူဒေါ်စန်းရင်ထံသို့ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်အတွင်းရေးမှူး ဦးမျိုးမြင့်မှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော် )ထည့်သွင်းခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်ခြင်းနှင့် တောင်သူများ ကုန်ကျစရိတ်သက်သာ၍ ဝင်ငွေတိုးပွားလာနိုင်မည့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူ ဦးကြည်စိုးပိုင် လယ်မြေ(.၅၀)ဧက၌ စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များအား ထယ်ထိုးထည့်သွင်းသရုပ်ပြသခြင်း ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)