စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေး

မုံရွာ ဇွန် ၁၇

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင် (၁၃) မြို့နယ်စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း အလုံရှိ သတ်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာ ဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စာမေးပွဲများဖြေဆိုနေချိန်ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ အဖြေလွှာများစနစ်တကျ သိမ်းဆည်းရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံအေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေး ဆောင်ရွက်ရေးတို့အား တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် ဖြေဆိုနေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၄၅ ဦး ဖြေဆိုမှု ရာခိုင်နှုန်း ၉၈.၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ်(၂)အခြေခံ ပညာနှင့်စိုက် ပျိုးမွေးမြူရေး အထက်တန်းကျောင်း-အလုံတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)