သာပေါင်းမြို့နယ် ကျီးပင်အင်း၊ သဲတမံရိုးချောင်း အင်းရေပြင်ကျယ်အတွင်းသို့ ငါးသား‌ပေါက်ကောင်ရေ ၂၀၀၀၀၀ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

သာပေါင်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် ငါးမျိုးများ စိုက်ထည့်ခြင်း၊ အင်းချောင်းများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတရေသယံဇာတ တိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်အင်း၊ သဲတမံရိုးချောင်း အင်းရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ကြကြောင်း သိရသည်။

ငါးသားပေါက်များ စိုက်ထည့်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၀င်များ၊ လူမှုရေးအသင်းအဖွဲ့တို့က အင်းသားကြီးများလက်၀ယ်သို့ ငါးသားပေါက်များ လွှဲပြောင်း ပေးအပ်ကြပြီး ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်အင်း၊ သဲတမံရိုးချောင်း အင်းရေပြင်ကျယ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀ တို့အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး