မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြု

လက်ပံတန်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်တစ်နိုင်ငံလုံးပထမဆုရှင်နှင့် သုတစံပြမောင်/မယ်၊ ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို လက်ပံတန်းမြို့ဘုရားကြီးကျောင်း တိုက် မြို့နယ်သာသနာ့ဗိမာန်၌ ဇွန်လ ၁၄ ရက်နေ့မွန်းလွဲ ၁ နာရီကကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းသံဃနာယကအဖွဲ့ဝင် လက်ပံတန်းမြို့နယ်သုတစုံလင်အဖွဲ့ ဩဝါဒစရိယဆရာတော် ဘဒန္တအရိယဝံသထံမှ ငါးပါသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်သုခကျောင်းဆရာတော်က ဩဝါဒစကားချီမြှင့်ပြီး လက်ပံတန်းမြို့နယ်သုတစုံလင်အဖွဲ့ တာဝန်ခံဆရာတော်ဦးဇာနေယျက စာမေးပွဲဆိုင်ရာကိစ္စများကို ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးပထမဆု ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရ(၂)ဦး၊ အလယ်တန်းအဆင့်(၄၄)ဦးနှင့် မူလတန်းအဆင့်(၄၆)ဦး စုစုပေါင်း အောင်မြင်သူ(၉၂)ဦးတို့အား လက်ပံတန်းမြို့နယ် သုတစုံလင်အဖွဲ့ ဩဝါဒစရိယဆရာတော်များနှင့်တာဝန်ရှိသူများက ငွေသားနှင့်ဆုတံဆိပ်များချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)