ပုဇွန်တောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေး စက်(MEVM)များကို လက်တွေ့ကိုင်တွယ်အသုံးပြုနည်းသင်တန်းတက်ရောက်နိုင်ရေး အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မိုးအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း တက်ရောက်ရန် အစည်းအဝေးကိုပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အီလက်ထရောနစ်မဲပေးစက်လက်တွေ့အသုံးပြုနိုင်စေရေး သင်တန်းတက်ရောက်သင်ကြားရန် သင်တန်းသားရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းရွေးချယ်ကာ သင်တန်းတက်ရောက်ပြီးပါက ဆက်လက်ဆင့်ပွားပို့ချနိုင်စေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဖြင့် မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်းသိရသည်။
ဟန်စုယဉ်