ကြံခင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးစေရေး ပေါင်ပျိုးစနစ်ဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးမျိုးသန်း လယ်မြေ ၃ ဧကတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာတို့က တောင်သူများအား ယခုလို ပေါင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် မျိုးစပါးလေ့လွှင့်မှုမရှိခြင်း၊ ပျိုးပင်များအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းသည် စနစ်တကျရှိခြင်း၊ အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုးခြင်းဖြင့်မျိုး၏ ကောင်းမွန်သော မူလဗီဇ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်းကောင်းမွန်ညီသာ၍ ကြီးထွားမှုမြန်ဆန်ခြင်း၊မြေဩဇာ ၊ အစိုဓာတ် ၊ အလင်း ရောင်စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း၊ အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်းခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ ပေါင်းမြက်ကင်းစင်ခြင်း၊ ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း၊ အခြားမျိုးများ မပါဝင်ခြင်း၊ သီးနှံအထွက်နှုန်းကို (၁၁-၁၂)ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိစေခြင်း စသည့်တို့ကို ဟောပြောခဲ့ပြီး၊ ကွင်းအမှတ် ၁၄ D၊ ဦးပိုင်အမှတ် ၂၃ တောင်သူ ဦးမျိုးသန်း၏ လယ်မြေ ၃ ဧကတွင် ဧရာမင်းစပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုနှင့် လယ်မြေထွန်ယက်နေမှုတို့အား မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)