ရွှေကူ ဇွန် ၁၆
ငလျင်ဘေးအန္တာရာယ်ကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၀၈)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး၊ အန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် လိုအပ်သော စာစစ်ဌာနလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေးလုပ်ငန်းများ၊ စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိပြီး နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများမှ လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြန်လည်ဖြေဆိုကြသည့် တက္ကသိုလ်စာမေးပွဲအား ရာနှုန်းပြည့်ဖြေဆိုနိုင်ရန်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လေ့ကျင့်သင်ကြားရေးစခန်း(Camp)အား မေလ(၅)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ အနီးကပ်သင်တန်းများဖွင့်လှစ်၍ သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ ကြောင်းနှင့် တက္ကသိုလ်စာမေးပွဲအား ပြန်လည်ဖြေဆိုသူ စုစုပေါင်း စာရင်းရှိ (၇၁၅) ဦးအနက် (၇၀၈)ဦးဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ(၇)ဦးရှိကြောင်းနှင့်ဖြေဆိုသည့် ရာခိုင်နှုန်းမှာ(၉၉ ဒဿမ ၀၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ မြို့နယ်(ပြန်/ဆက်)