ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ၌ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်

ပြည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံကျေးရွာပြည်သူများ ပူးပေါင်းကာ ဇွန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။

ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် မိုးလေဝသနှင့်ဇလဗေဒမှ ထုတ်ပြန်ထားသည့် မြစ်ရေကြီးခြင်း သတိပေးချက်ကြေညာခြင်းနှင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာပြည်သူများအား စက်လှေဖြင့် လိုက်လံသတိပေးဆော်ဩခြင်း၊ ရေနစ်သူများကို ရေပြင်အသက်ကယ်မှု‌ သရုပ်ပြဆောင်ရွက်ခြင်း၊ ကျေးရွာအတွင်းရေဘေးအန္တရာယ်ပြင်ဆင်ရေး သတိပေးကြေညာခြင်းနှင့် အန္တရာယ်အဆင့်သတ်မှတ်ချက် အလံများ စိုက်ထူသတိပေးခြင်း၊ ထိခိုက်လွယ်သူများဖြစ်သည့် မျက်မမြင်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နာတာရှည်ရောဂါသည်တို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ကယ်ဆယ်ရေးစခန်းသို့ စုပေါင်းပြောင်းရွှေ့ခြင်းနှင့် ထိခိုက်သူများ ဆေးဝါးကုသမှုသရုပ်ပြခြင်း၊ စားနပ်ရိက္ခာဝေငှပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထိုသို့ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျေးရွာပြည်သူများနှင့်အတူ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ ကြက်ခြေနီ၊ စည်ပင်၊ လူမှုဝန်ထမ်း၊ ပြန်/ဆက်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များမှ စုစုပေါင်းအင်အား ၃၀၀ ဦးခန့်ဖြင့် မွန်းလွဲ ၁ နာရီမှ ၃နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)