မိုးညှင်းမြို့၌ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်းမှ သင်တန်းသူ/သားများ ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ ကွင်းဆင်းဆောင်ရွက်

မိုးညှင်း ဇွန် ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် ယခုဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်း သင်တန်းကို ဇွန် (၁၀) ရက်ကဖွင့်လှစ်ခဲ့ရာ ဤဦးစီးဌာနရုံးတွင် သင်ကြားလျက်ရှိသော သင်တန်းသူသင်တန်းသားများအနေဖြင့် ယနေ့နံနက်ပိုင်းက ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်မှုဖြင့် သင်တန်းနည်းပြဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများ၊ ကျေးရွာကော်မတီများနှင့်အတူ ဟဲလုံခေတ်မီစံပြကျေးရွာသို့ သွားရောက်ကြပြီး ဌာနမှစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိုဘိုင်းဆိုလာ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အဆင့်မြင့်အပ်ချုပ်စက် သင်ကြားပြသနေမှု အခြေအနေများကိုလည်းကောင်း၊ RBF စီမံကိန်းရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သတင်းရေးသားထုတ်ပြန်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။

ထိုသင်တန်းကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရုံးများမှဝန်ထမ်းများ စုစုပေါင်း (၁၂) ဦးတက်ရောက်ကြပြီး သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇွဲသူရအောင် တို့က ဇွန် (၁၀) ရက်မှ (၂၃) ရက်အထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း