ကော့မှူး ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများ ခေါင်းနှိမ်ခြင်း၊ အလင်းဖွင့်ခြင်း၊ လမ်းမပေါ်ကိုင်းကျနေသော သစ်ကိုင်များအား ယမန်နေ့ နံနက်က ခုတ်ထွင်ရှင်းလင်းနေကြောင်း သိရသည်။
ထိုသို့ ခုတ်ထွင်ရှင်းလင်းရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် မြို့တွင်းလမ်းဘေးဝဲယာလမ်းမသို့ အုံ့ဆိုင်နေသော သစ်ကိုင်းများ စုပေါင်းရှင်းလင်းဆောင်ရွက်နေကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီးဘေးရေဝပ်နေသောရေအိုင်များ၊ ရေမြောင်းအတွင်းပိတ်ဆို့နေမှုအား ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အား ဆောင်ရွက်နေကြကြောင်း သိရသည်။
ကျော်သူရ