တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ UID၊ အိမ်ထောင်စုလူဦးရေစာရင်းတို့အား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

တွံတေး ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်စျေးသစ်ရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်ရှိ အ.မ.က(မူလွန်)ကျောင်းတွင် အခြေပြု၍ မြို့နယ်ဦးစီးမှူး ကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီး ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ UID၊ အိမ်ထောင်စုလူဦးရေစာရင်းတို့အား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စျေးသစ်ရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်အေးသီတာပါ(၁၇)ဦးမှ ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးစစ်ကတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဂဏန်း ၁၀ လုံးပါဝင်သည့် UID ကတ်များ ပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိနိုင်စေရန်နှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိ ဒေသတွင်ရှိခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရမည့် အမျိုးအစား(၄)မျိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးဦးကျော်ထူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား(၁.၁.၂၀၂၅မှ ၃၁.၁၀.၂၀၂၅အထိ) ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား တွံတေးခရိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်