မိုးညှင်း ဇွန် ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ၂၀၂၅ခုနှစ် ဇွန်(၁၆)ရက်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 ပထမနေ့ (မြန်မာစာဘာသာရပ်)ကို သတ်မှတ်စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော စာစစ်ဌာန (၃)ခုရှိပြီး အထက-၁(မိုးညှင်း) စာစစ်ဌာနတွင် ကျောင်သားကျောင်းသူ (၉၃၁)ဦး၊ အထက(ဟိုပင်)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၃၈၆)ဦးနှင့် အထက(အင်းတော်ကြီး)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၃၀၀)ဦး ဖြေဆိုသူ စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၆၁၇)ဦး၊ စာရင်းရှိ ကျောင်းသား ကျောင်းသူ (၁၆၃၉)ရှိ၍ ပျက်ကွက်သူ (၂၂)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈) ဒဿမ (၆၆)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုကြရာတွင် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးအနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ သက်ဆိုင်ရာဘာသာရပ်မှ ပါမောက္ခ(ဌာနမှူး)နှင့် ဆရာဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း