တံတား ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၄ ရက်နေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသော ရေနှင့် အစားအသောက်များကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်အဖြစ်လည်း ဖြစ်ပွားတတ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တတ်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရန် အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးခြင်း၊ အစားအစာများကို ပူပူနွေးနွေးစားခြင်း၊ အစားအစာများကို ယင်မနားအောင်လုံခြုံစွာ ဖုံးအုပ်ထားခြင်း၊ အစာမစားမီ၊ အစာများကို မပြင်ဆင်မီ၊ အစာများကိုမကိုင်မီ၊ အိမ်သာအသုံးပြုပြီး ချိန်တိုင်းနှင့် အညစ်အကြေးများ ကိုင်တွယ်ပြီးချိန်တိုင်းတွင် ရေနှင့် ဆပ်ပြာကို အသုံးပြု၍ လက်ကိုအနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောသင့်ကြောင်း၊ ကြိုချက်ထားသောရေများကို သောက်သုံးသင့်ကြောင်း၊ တစ်ကိုယ်ရေးသန့်ရှင်းရေးကို ဂရုစိုက်သင့်ကြောင်း၊ ယင်လုံအိမ်သာများကို အသုံးပြုသင့်ကြောင်း၊ ယင်ကောင်းများ ပေါက်ဖွားမှုမှကာကွယ်ရန် စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များနှင့် အညစ်အကြေးများကို စနစ်တကျစွန့်ပစ်သင့်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)