ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၃၁၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၃၁၁၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၃၁၁၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၃၁၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်ဖို့အတွက် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းရှိ နှမ်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက လျာထားစိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)