ပိုင်ကျုံ ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကရင်ခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ဘုရားရှိခိုးကျောင်းများတွင် အသင်းတော်မှာရှိသည့် ဖခင်များအား ဇွန်လ ၁၅ ရက်နေ့က ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့်ဆုတောင်းခြင်းဖြင့်စတင်ပြီး အသင်းတော်မှာရှိသည့် လူငယ်များတို့မှ အခမ်းအနားအစီအစဉ်များကိုဦးဆောင်၍ ဖခင်များနှင့်ပတ်သက်သော ကျမ်းစာများ၊ ဖခင်များ၏မိသားစုများအပေါ် ချစ်ခြင်းမေတ္တာထားရှိမှု၊ ဖခင်များတို့၏ သားသမီးများအပေါ် ထားရှိသည့်လိုလားချက်များ၊ ဖခင်များတို့၏စံတန်ဖိုးများနှင့် ဖခင်များနေ့ဖြစ်ပေါ်လာပုံအကြောင်းများကို သားသမီးများ အောက်မေ့သိရှိစေရန်အတွက် ပြောကြားပြီး အသင်းတော်မှလူငယ်လူရွယ်များတို့က ဖခင်များကို အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းအသင်းတော်များ၌ သားသမီးများနှင့်မိဘများအကြားဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာ၊ ဂရုဏာများခိုင်မြဲ၊ အောက်မေ့၊ တမ်းတ၊ သတိရစေရန် ရည်ရွယ်၍ ကမ္ဘာ့ဖခင်များနေ့ဖြစ်သည့် ဇွန်လတတိယအပတ်တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)