ပေါင်းတည်၌ Book Club အဖွဲ့ စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲကျင်းပ

ပေါင်းတည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူများဖြင့် ဖွဲ့စည်းထားသော အဆိုပါ Book Club အဖွဲ့၏ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ပြုလုပ်သော စာဖတ်ဝိုင်းတွင် အဖွဲ့ဝင်တစ်ဦး နက္ခတ္တရောင်ခြည်မဂ္ဂဇင်းသို့ အောင်ပြည့်စုံ ကလောင်အမည်ဖြင့် ရေးသားပေးပို့ ဖော်ပြခံရသော “ထမင်းထုပ်လက်ကျန်လေး” ဝတ္တုတိုအား ဂုဏ်ပြုဖတ်ကြားကာ စာရေးသူ၏ စေတနာ (သို့မဟုတ်) ရည်ရွယ်ချက် ကောင်းမွန်မှုနှင့် ရသမြောက်စွာ အစီအစဉ်တကျ စိတ်ဝင်စားဖွယ်ရေးဖွဲ့နိုင်မှုကို ချီးကျူးဂုဏ်ပြုဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Book Club အဖွဲ့သည် ပေါင်းတည်မြို့နယ်မှ ပေါ်ထွန်းခဲ့သော သော်တာဆွေ၊ နန္ဒာသိန်းဇံနှင့် အခြားစာရေးဆရာများကဲ့သို့ မြန်မာစာပေပညာရှင်များ၊ တိုင်းကျိုးပြည်ပြုစာပေရေးသားသူများ ဆက်လက်ပေါ်ထွန်းလာစေရန်နှင့် မြန်မာစာပေအနုပညာကို ချစ်မြတ်နိုးတတ်လာစေရန် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးကာ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ပြုစုပျိုးထောင်ပေးလျက်ရှိ​သည်။

ရွှေသား