ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး၊ မြို့အင်္ဂါရပ်များနှင့်အညီ Green City, Clean City ဖြစ်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခါအားလျှော်စွာစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ် Main ဆောင်အရှေ့ဘက်ခြမ်း၊ ဘားအံတက္ကသိုလ် Main ဆောင်ညာဘက်ခြမ်းနှင့်ဘယ်ဘက်ခြမ်း၊ ဘူမိဗေဒဌာနအနောက်ဘက်ခြမ်း၊ ဆရာ၊ ဆရာမဆောင်အရှေ့ဘက်ခြမ်းနှင့် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဝန်း ကျင်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၀၄၅ ဦးခန့်ဖြင့် ယာဉ်ယန္တရားများအသုံးပြု၍ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက် သရိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက တက္ကသိုလ်ပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် အခြေခံအဆောက်အဦတည်ဆောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး တက္ကသိုလ်ပရိဝုဏ်အား သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်းဖြစ်အောင် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)