သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်ခြင်းနှင့် စပါးမျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးရန်အတွက် ပျိုးထောင်နေမှုအား မြောင်းမြခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ ကြည့်ရှု့အားပေး

ဝါးခယ်မ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုး‌မြေမြှပ်ခြင်းကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခွဲက သဲကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၀၀၃) ၊ ဦးပိုင်အမှတ် (၁၇/၂)ရှိ တောင်သူ ဦးရွှေပွား၏ လယ်မြေ (၂.၀၀) ဧကတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို မြောင်းမြခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် မြောင်းမြခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာရှိ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြောင်းမြခရိုင် ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၁၅) ၊ ဦးပိုင်အမှတ် (၅၀/၂) ရှိ တောင်သူ ဦးဘမြင့်၏ လယ်မြေ (၅.၀၀) ဧကတွင် ပေါ်ဆန်းမျိုး (၁၁) မျိုးနှင့် အောင်နိုင်တိုးစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးရန်အတွက် ပျိုးထောင်နေမှုအား ဆက်လက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

လယ်ယာမြေများတွင် ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး မြေဆီလွှာ၏ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်း၊ အပင်ကြီးထွားမှုမြန်သောအပင်မျိုးဖြစ်ပြီး ပေါင်းပေါက် ရောက်မှုကို ‌လျှော့နည်းစေခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ မြေဆီလွှာအာဟာရပိုမို‌ကောင်းမွန်စေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာကာ သီးနှံများအထွက်နှုန်း တိုးလာမှာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)