စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်

မုံရွာ ဇွန် ၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်ထောင်စုဈေးကြီးအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခု နှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က မယ်ဇယ်ပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် များမှ ကျောင်းသား၊ကျောင်းသူများက သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ကော်ဖီနှင့်မုန့်များ ဝေငှပေးနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း ကြီး မီးရထားသံလမ်းတစ်လျှောက် ဘိုးဘွားရိပ်သာအဝိုင်းမှ ကျွဲရဲအောင်မင်္ဂလာအဝိုင်းအထိ ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်မျိုး ၁၄ မျိုး၊ စုစုပေါင်းပျိုးပင် ၁၇၀၀ ပင်အား စိုက်ပျိုးသွားမည်ဖြစ်သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးကြီး၌ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်‌ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာပတ်ဝန်းကျင်တွင် ပလပ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်းအပြင် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ရေးအတွက် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း ပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း ပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသပွဲ ကျင်းပရခြင်းအကြောင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဈေးကြီးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များအား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)