ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ် အကောင်ရေ ၁၄၀၀၀ ကျော်ထိန်းသိမ်း စောင့်ရှောက်ထား

မင်းဘူး  ဇွန် ၁၅

မြန်မာ့ကြယ်လိပ် (Burmese Star Tortoise) သည် ရှားပါးသတ္တဝါမျိုးစိတ်များထဲတွင် ပါဝင်ပြီး ပါဏဗေဒအလိုအရ ဂျီအိုချယ်လုံး ပလက်တင်‌နိုတာ(Geochelone Platynota) ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Endemic Species) များပင် ဖြစ်သည်။ ကြယ်လိပ်များကို အပူပိုင်းခြောက်သွေ့သောဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်ကို တွေ့နိုင်ပြီး၊ ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆို‌လေ့ရှိကြသည်။

ကြယ်လိပ်တို့သည် ကျောခွံသည်ခုံးနေပြီး အညိုရင့်ရောင် (သို့မဟုတ်) အနက်ရောင်ရှိသည်။ ကျောခွံပေါ်ရှိ အကွက်တိုင်းတွင် အဝါရောင်အစင်းများ ပါရှိပါသည်။ အမြီးအဖျားတွင် ဦးချို (ဂျို) ကဲ့သို့ မာကြောသော အကြေခွံပါရှိပါသည်။ ကျောခွံ၏ထိပ်တွင် ကြယ်ပုံ သဏ္ဍန်အမှတ်အသားကို ထင်ရှားစွာတွေ့ရှိရသဖြင့် ကြယ်လိပ်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ထို့အပြင်ကျောခွံပေါ်ရှိ အဝါရောင်အစင်းများသည် ပင့်ကူပုံသဏ္ဍန် ဖြစ်နေသောကြောင့် လိပ်ပင့်ကူဟူ၍လည်း ခေါ်ဆိုကြသည်။ ရွက်ပြတ်တော၊ ဆူခြုံတော၊ အင်တိုင်းတောနှင့် သန်းဒဟတ်တောများတွင် တွေ့ရှိရ၍ အစုံစားလိပ်ဖြစ်သည်။ အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိ သတ္တဝါငယ်များနှင့် အင်းဆက်ပိုးမွှားများကိုလည်း စားသောက်တတ်သည့်အပြင် မှို၊ အသီးအရွက်၊ ပန်းပွင့်တို့ကိုသာမက တီကောင်၊ ခရုတို့ကိုပါ စားသောက်လေ့ရှိသည့် အစုံစားသတ္တဝါမျိုး ဖြစ်သည်။ ကြယ်လိပ်သည် တောရိုင်းသဘာဝတွင် တစ်နှစ်လျှင် တစ်ကြိမ်မှ လေးကြိမ်အထိ ဥဥလေ့ရှိသည်။

မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်သည် သဘာဝသစ်တောများတွင် ကျက်စားရာနယ်မြေများ ပျက်စီးလာခြင်းနှင့် အလွန်အကျွံ ဖမ်းဆီးခံရခြင်းတို့ကြောင့် အကောင်ရေများ လျော့နည်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ကြယ်လိပ်များကို မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သောကြောင့် ခြံလှောင်၍ မျိုးပွားမွေးမြူရေးစနစ်ဖြင့် ထိန်းသိမ်းကာကွယ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံတွင် ကြယ်လိပ်စုစုပေါင်း ၁၄၃၂၁ အကောင်အထိ တိုးပွားလာကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

ကြယ်လိပ်များသည် သဘာဝအရ ဇွန်လ မှ စက်တင်ဘာလအတွင်း မိတ်လိုက်ကြပြီး၊ မေလလယ်မှ စက်တင်ဘာလအတွင်း ဥဥချ၍ တစ်ကြိမ်လျှင် ဥအလုံးရေ (၁) လုံးမှ (၁၆) လုံးအထိ ဥလေ့ရှိကြောင်း သိရသည်။ ကြယ်လိပ်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၁၉၇ ရက်ဖြစ်ပြီး မိခင်နှင့် ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်၍ ၁၇၂ ရက်မှ ၂၅၁ ရက်အတွင်း ပြောင်းလဲနိုင်သည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရွာသော အချိန်များ၌ ၎င်းတို့ဥထားသော ဥများမှ သားပေါက်ပြီး သားပေါက်များ ဥကျင်းမှထွက်လာကြကြောင်း သိရသည်။ သားပေါက်တွေမှာ အထီးနှင့် အမ အချိုးက အပူချိန်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပြီး၊ ဟန်ချက်ညီသည့် အထီးအမအချိုးက ခန့်မှန်းအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ခန့်ဖြစ်ကာ အပူချိန်နိမ့်ရင် အထီးအရေအတွက် ပိုများပြီး၊ အပူချိန်မြင့်ရင် အမအရေအတွက် ပိုများကြောင်း သိရသည်။

ကြယ်လိပ်မျိုးစိတ်များအပါအဝင် လိပ်မျိုးစိတ်များသည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များ မျိုးပျံ့ပွားနိုင်ရန်အတွက် မျိုးစေ့များ၊ ဝတ်မှုန်၊ ဝတ်ဆံများနှင့် ပိုးမွှားများကို ပျံ့နှံ့သယ်ဆောင်ပေး နိုင်ကြောင်းလည်း သိရသည်။ လိပ်များသည် ရှေးအစဉ်အဆက်ကတည်းက လူသားမျိုးနွယ်ကို တိုက်ရိုက်နည်းနဲ့သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းနဲ့သော်လည်းကောင်း အကျိုးပြုလျက်ရှိပြီး၊ ရေကိုညစ်ညမ်းစေတဲ့ ဓာတ်သတ္တုတွေ၊ ရေညှိရေမှော်တွေ၊ အင်းဆက်ပိုးမွှားတွေကို စားတဲ့အတွက် လူသားတွေ မှီခိုအသုံးပြုနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင် တွေကို သန့်စင်ပေးတဲ့ ဂေဟစနစ်တွေ ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး လူသားတွေအပေါ် အကျိုးကျေးဇူးတွေများစွာ ရှိတဲ့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လှသည်။

ကြယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းခြင်းအားဖြင့် ကြယ်လိပ်များသည် မြန်မာနိုင်ငံမှာသာ ရှင်သန်ကျက်စားသည့် ဒေသမျိုးရင်းမျိုးစိတ်များဖြစ်သည့်အတွက် နိုင်ငံ၏တန်ဖိုးရှိသည့် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတများ ပျောက်ကွယ်သွားနိုင်မှု လျှော့နည်းသွားပေမည်။ မြန်မာ့ကြယ်လိပ်များသည် မြန်မာနိုင်ငံ အတွင်းတွင်သာ ရှင်သန်ကျက်စားသည့် ဒေသရင်းဖွားမျိုးစိတ် (Endemic Species) တောရိုင်းတိရစ္ဆာန်မျိုးစိတ်ဖြစ်ကြောင်း သိရပြီး၊ သုတေသ်မှတ်တမ်းများအရ နှစ်ပေါင်း ၅၀ ကျော် ခန့် ရှင်သန်နိုင်၍ အသက်ရှည်မှုမှာ ၎င်းအပေါ်စောင့်ရှောက်မှုနှင့် နေထိုင်သည့် ပတ်ဝန်းကျင် အခြေအနေပေါ်များစွာ မူတည်ကြောင်း သိရသည်။

သဘာဝတောများအတွင်း ကြယ်လိပ်ကောင်ရေ ပြန်လည်တိုးပွားလာစေရန်အတွက် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ မြန်မာကြယ်လိပ်များ ကောင်းမွန်စွာ ရှင်သန်ကျက်စားနိုင်မည့် ၎င်းတို့၏ နေရင်းဒေသများသို့ ပြန်လွှတ်ခြင်းလုပ်ငန်းကို ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၂၇၅၀ ကောင်နှင့်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၁၁၀၀ ကောင် စုစုပေါင်း ၃၈၅၀ ကောင်ကို သဘာဝတောအတွင်းသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

မြန်မာ့ကြယ်လိပ်များကို ၁၉၉၉ ခုနှစ်၌ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင်နှင့် ၂၀၀၁ ခုနှစ်၌ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ ၄၀ ကောင် စုစုပေါင်း ၈၂ ကောင် စတင်မွေးမြူခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁၆၆၆ ကောင်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၄၀၅၈ ကောင်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ၈၅၉၇ ကောင်ရှိခဲ့ကာ စုစုပေါင်းမြန်မာ့ကြယ်လိပ် ၁၄၃၂၁ ကောင်အထိ တိုးပွား လာခဲ့ကာ ခြံလှောင်မွေးမြူထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)