ဝါးခယ်မ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စံပြရွာသစ်ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ၊ ကွင်းအမှတ် (၉၃၈ က)၊ ဦးပိုင်အမှတ် (၁၆ ခ/၈)ရှိ တောင်သူ ဦးသန်းကျော်၏ လယ်မြေ (၁၀) ဧကတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေးမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ လုပ်အားအနည်းငယ်ဖြင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ပြီး ပျိုးပင်ပြုစုထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်း၊ ကောက်ပင်လှန်ချိန် စောင့်ဆိုင်းရန်မလိုသဖြင့် ဒုတိယစိုက်ပျိုးမည့်သီးနှံအတွက် အချိန်ပိုရခြင်း၊ ကြားပေါင်းလိုက်ရန်လွယ်ကူခြင်း၊ ကောက်ကွက်ဝင်ဆံ့မှု တိကျသေချာပြီး လေဝင်လေထွက် ကောင်းမွန်သဖြင့် ပင်ပွားနှုန်းကောင်းကာ စပါးအထွက်နှုန်း တိုးတက်စေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်နည်းပါးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မျိုးကောင်းမျိုးသန့်၊ အထွက်နှုန်းကောင်းမွန်သည့် သီးနှံများကို ရွေးချယ်ပြီး စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲရန် လိုအပ်သကဲ့သို့ လယ်ယာလုပ်သားရှားပါးမှုပြဿနာ၊ ရာသီဥတုဖောက်ပြန်မှု ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စက်ကိရိယာ လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်များရှိပါက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)