မင်းဘူး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေထု၊ ရေထု အရည်အသွေးကျဆင်းမှု အခြေအနေများအား သိရှိနိုင်စေရန် ရေအရည်သွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ ဧရိယာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သဘာဝပတ်ဝန်းကျင် လေထုအရည်အသွေးတိုင်းတာမှုနှင့် ရေထုအရည်အသွေးတိုင်းတာမှု လုပ်ငန်းစီမံချက်အရ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက မင်းဘူးမြို့ ထောက်ရှာပင်ဆိပ်ကမ်းရှိ ဧရာဝတီမြစ် အရည်အသွေးအား လည်းကောင်း၊ ဆားပွက်ချောင်း ရေအရည်အသွေးအားလည်းကောင်း၊ ရှင်ပင်စက္ကိန်းတဲဆိပ်ကမ်းရှိ ဧရာဝတီမြစ် အရည်အသွေးအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့ပေါ် ရပ်ကွက်များအတွင်း မြို့ရေပေးဝေးရေလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောက်တန်း ရေစက်ရုံ၊ တာဘိုင်ရေစက်ရုံနှင့် ဧရာတီမြစ်ရေတင် သန့်စင်ဖြန့်ဝေပေးရေး လုပ်ငန်းခွင်များသို့ သွားရောက်ပြီး ရေအရည်အသွေးများအား မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းမျာကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ရေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများအပြင် မီးခိုးမြူငွေ့များကြောင့် လေအရည်အသွေးကျဆင်းမှုများ ဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေး တိုင်းတာခြင်း လုပ်ငန်းများကိုလည်း အဓိကကျသောနေရာများနှင့် မြို့၏ လေအရည်အသွေးကို လွှမ်းခြုံနိုင်သော နေရာများအား ဦးစားပေး၍ လေအရည်အသွေး တိုင်းတာရေးစက်များ အသုံးပြုပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းဆိုင်ရာ လေထု၊ ရေထု အရည်အသွေးများအား တိုင်းတာစစ်ဆေးပြီး ရရှိထွက်ပေါ်လာသော အရည်အသွေး ရလဒ်များကို ဒေသခံပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အချိန်နှင့်တပြေးညီ ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)