အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်​ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ဝါးခယ်မ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက် မြူရုံလမ်းနှင့် အ.ထ.က (၁) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်​ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင် စိန်းလန်းစိုပြည်မှု ဖြစ်ပေါ်လာစေရန်နှင့် လူမှုပတ်ဝန်းကျင်၏ ညစ်ညမ်းမှု အခြေအနေမှ လျော့ကျစေရန်ရည်ရွယ်ပြီး အသိပညာပေး သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများအား စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်ရှိ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည့်  အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)