ပခုက္ကူ ဇွန် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဒေါ်သူဇာကျော်တို့က စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူများ ရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center(1535) သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်းကြားနိုင်ခြင်း စသည့်အကြောင်းအရာတို့ကို အသိပညာပေးရှင်းလင်းဟောပြောကြရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှု စွမ်းရည်အခြေအနေများမေးမြန်းကာ အဖြေမှန်ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)