မော်လမြိုင် ဇွန် ၁၄
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်/ KTV လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ SUNSHINE HOTEL ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက စားသောက်ဆိုင်/ KTV လုပ်ငန်းရှင်များအနေဖြင့် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းကို တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် အသိပေးကြေညာချက် ဗီနိုင်းများကို မိမိတို့လုပ်ငန်း၏ မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဆွေးနွေးမည့်ကိစ္စရပ်များကို မှတ်သား၍ တိတိကျကျ လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ဦးဂျွန်စိန်ဂီက စားသောက်ဆိုင်/ KTV လုပ်ငန်းများတွင် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အခွန်ပညာပေးရှင်းလင်းပွဲသို့ ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ၊ စီးပွားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)