ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကဝ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊  မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကျောင်းသား/ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရှင်သန်လာစေရန်ရည်ရွယ်၍ ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)