တောင်တွင်းကြီး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန တောင်ပြင် (၂)ရပ်ကွက် မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းလင်းနေဇာက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်နှင့် ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး၊ ရေတွင်း၊ ရေကန်၊ ရေအိုးများ၊ ညောင်ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်၊ ဖွင့်၊ ထောင်၊ လောင်း စသည့်လုပ်ငန်းများဆောင်ရွက်ရန်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ တောင်ပြင် (၂)ရပ်ကွက် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ ရင်သွေးငယ်များ နှင့် ရင်သွေးငယ်များ၏ မိဘများတက်ရောက်ခဲ့သည်။
နောင်နောင် (ပြန်/ဆက်)