အိမ်မဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် လယ်ယာမြေများတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ကညင်ကွင်းကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းခြင်းကို ကညင်ကွင်းကျေးရွာရှိ တောင်သူ ဒေါ်ခင်ဝင်းပါ (၄)ဦး၏ လယ်ယာမြေတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
“သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို လယ်မြေအတွင်းထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်း မြေသြဇာမျိုးစေ့ ၄ ပြည်ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီးမြေသြဇာအဖြစ် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၇) တန် ထွက်ရှိပြီးယူရီးယားဓာတ်မြေသြဇာ(၁.၃၈)အိတ်၊ တီစူပါ (၀.၁၉)အိတ်၊ ပိုတက်(၀.၇၂)အိတ်နှုန်းနှင့်ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ၁၀၀၀၀၀ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာထည့်သွင်း စိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး(၁၀၀၀၀)ကျပ်သာကျပြီး ယူရီးယား(၁)အိတ်ကျော်နဲ့ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးစိုးမြင့်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)