စစ်တွေ ဇွန် ၁၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများအား ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် လက်ကမ်းစာစောင်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မိုးရာသီးတွင် စိုက်ပျိုးနိုင်ရန် ဌာနဆိုင်ရာများအား ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် စိုက်ပျိုးနည်းစနစ်ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနား ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆောင်းရာသီတွင် စစ်တွေမြို့နယ်အတွင်း ဟင်းသီးဟင်းရွက် ၁၁၄၈ ဧက စိုက်ပျိုးခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်တွက် ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာတွင် ဟင်းသီးဟင်းရွက်အထူးဇုံအနေဖြင့် ဧက(၃၀) စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ဌာနဆိုင်ရာမိသားစု များအား ဈေးနှုန်းချိုသာစွာဖြင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရေးအတွက် ဈေးရောင်းပွဲများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်သီးနှံသည် ပြည်သူများနေ့စဉ် စားသုံးနေရသည့် သီးနှံဖြစ်သည့်အတွက် ပြည်နယ်တွင်း စားသုံးမှုဖူလုံစေရန်၊ ဈေးနှုန်းကြီးမြင့်ခြင်းကို ရှောင်ရှားရန်နှင့် အာဟာရပြည့်ဝသော သီးနှံဖြစ်စေရန် ဟင်းသီးဟင်းရွက်ကို မိမိတို့တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားခြင်းဖြင့် လိုအပ်သောအချိန်မှာ အလွယ်တကူ ခူးယူချက်ပြုတ် စားသုံးနိုင်သည့်အပြင် ဘေးအန္တရာယ်ကင်းသော လတ်ဆတ်သည့် အသီးအရွက်များကို အာဟာရပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများအနေဖြင့် ရရှိသောမျိုးစေ့များကို စနစ်တကျစိုက်ပျိုးကြရန်နှင့် လိုအပ်ချက်များရှိပါက နည်းပညာရယူရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းက ဟင်းသီး ဟင်းရွက် စိုက်ပျိုးနည်းပညာအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ဟင်းသီးဟင်းရွက် မျိုးစေ့များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း စနစ်ပညာပေး လက်ကမ်းစာစောင်များအားလည်းကောင်း ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာများသည် ဟင်းသီးဟင်းရွက်များ ပျိုးထောင်စိုက်ပျိုးထား မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများအား ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ရာတွင် မိုးရာသီတွင်စိုက်ပျိုးနိုင်သည့် ကန်စွန်း၊ ချဉ်ပေါင်၊ ရုံးပတီ၊ ခရမ်း၊ ငရုတ်၊ တိုင်ထောင်ပဲ၊ ဘူး၊ သခွားနှင့် ကြက်ဟင်းခါးစသည့်မျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)