ကျိုက်လတ်၌ အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ

ကျိုက်လတ် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်/ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် ဧည့်မထအမျိုးအစားဆန်များကို တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီငါးဆယ်ကျပ်သား တစ်ဗူးလျှင် (၃၅၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မွေး/ကုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများအပါအဝင် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)