ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

စစ်တွေ  ဇွန် ၁၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာအတတ်ပညာ များနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ အနည်းဆုံး အလယ်တန်းပညာ(KG+9) ပြီးမြောက်ရေး၊ သင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှပညာ သင်ယူရေးတို့အတွက် မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက် စေရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းတို့အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ညှိနှိုင်းကာ ထိရောက်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်တွေမြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးများ စုစုပေါင်း(၁,၃၉၀)ဦး၊ ကျောက်ဖြူမြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသားသမီး(၄၄၅) ဦးနှင့် မာန်အောင်မြို့နယ်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းသားသမီး(၄၃၁)ဦး၊ စုစုပေါင်း အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီး(၂၂၆၆)ဦးတို့အား ပညာသင်ကြား ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းကို မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ နောင်အနာဂတ်ခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်လာမည့် မျိုးဆက်သစ်လူငယ်များ ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါ ပညာရှာရမည့်အရွယ်မှာ ပညာကိုဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ကြားရန်လိုအပ်ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီးများအား အထောက်အပံ့ ဖြစ်စေရေးနှင့် မိဘများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို တာဝန်ထမ်းဆောင်နေစဉ် သား၊သမီးများ၏ ပညာရေးထောက်ပံ့မှု အခက်အခဲ၊ လစ်ဟာမှုများ မဖြစ်စေနိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး မိဘများအနေဖြင့်လည်း မိမိ၏ရင်သွေးသားသမီးများကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားလေ့ကျင့်နိုင်ဖို့ ပို့ဆောင်ပေးရမည်မှာ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများကိုလည်း ထူးချွန်ထက်မြက်ပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ်အပြင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော လူရည်ချွန် မောင်မယ်များ ပေါ်ထွန်းလာစေရေးကိုလည်း လေ့ကျင့်ပျိုးထောင်ပေးစေလိုကြောင်း၊ မိဘ၊ ဆရာပူးပေါင်း၊ ကလေးပညာကောင်း ဆိုသည့်အတိုင်း လက်ရှိမိမိတို့ကျောင်း၊ ရပ်ရွာဒေသ များတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိ ပညာသင်ကြားပြီး နိုင်ငံနှင့် လူမျိုးအတွက် အားကိုးအားထားပြုရသည့် မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်ပေါ် လာစေရန် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ မိဘဆရာပူးပေါင်းကလေးပညာကောင်း ဗီဒီယိုမှတ်တမ်းအားပြသပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်များမှ ဝန်ထမ်းများ၏ သား၊သမီးများ ပညာသင်ကြားရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် ပညာသင်ထောက်ပံ့စရိတ်အနေဖြင့် မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် (၄၀၀၀၀)၊ အထက်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၉၈၀၀၀၀၀) (ကျပ်ခြောက်ရာကိုးဆယ်ရှစ်သိန်းတိတိ) ကို ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)