ရေဦးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ထပ်ဆင့်အသိပညာပေး ရှင်းလင်း

ရေဦး ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ ထပ်ဆင့်အသိပညာ‌ပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီး တင်အောင်သန်းက ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရခြင်းနှင့်ပုဒ်မများ၊ စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်များ၊ တာ၀န်၀တ္တရားထမ်းဆောင်ခြင်းနှင့် အကျုံး၀င်‌သော ခံစားခွင့်များကိုလည်းကောင်း၊  မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွှတ်ခွင့်ရရှိသူများ၊ ကင်းလွှတ်ခွင့်ပြုခြင်း အကြောင်းအရင်းများနှင့် လျှောက်ထားပုံအဆင့်ဆင့်ကိုလည်းကောင်း အသိပေး ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ပြည်သူများ ဖတ်ရှုလိုက်နာနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များပါ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြ‌ကြောင်း သိရသည်။

သန်းသန်း (ရေဦး )