ကန့်ဘလူ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်ရဟန်း၊ သာမဏေနှင့်သီလရှင်များအား စာအောင်ဆုနှင့် အောက်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ဇွန် ၈ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေ စည်ကြီးစေတော် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်တာဝန်ရှိသူများက ဆရာတော်များထံ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မြို့ဦးရွာမ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒသာရက ဩဝါဒစကားမိန့်ကြားပြီး စာအောင်သံဃာတော်များထံ စာအောင် လက်မှတ်နှင့်စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ထံမှ လှူဒါန်းမှုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာယူကြည်ညို၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင် ရဟန်း၊ သာမဏေနှင့်သီလရှင် စုစုပေါင်း ၃၄ ပါးအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)