ဟင်္သာတမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း အခမ်းအနားပြုလုပ်

ဟင်္သာတ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တောင်ကလုံ ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာကွင်း ၁၅၉၂၊ ဦးပိုင်၇၆/၂ ရှိ တောင်သူ ဒေါ်ညိုညိုစန်းပိုင် လယ် ၁၀ ဧက၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲကကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးမျိုးမြင့်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစောဝင်းရွှေက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်ခြင်းနှင့် တောင်သူများ ကုန်ကျစရိတ်သက်သာ၍ ဝင်ငွေတိုးပွားလာနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များအား လက်တွေ့ထယ်ထိုး ထည့်သွင်းသရုပ်ပြသခြင်းပြုလုပ်ခဲ့ရာ ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)