ပြည်မြို့နယ်၌ မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်

ပြည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့၊ တာဂွလမ်းဆုံအနီးရှိ (သမာဓိ) မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက မြို့နယ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရေး၊ လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တောင်သူများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အမှာစကားပြောကြားသည်။

ထို့နောက် မိုစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၆)သင်းမှ အသင်းသားတောင်သူ (၃၀၉)ဦး၏ မိုးစပါးစိုက်ဧက(၂၃၀၀)အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော အောင်နိုင်တိုး(အထွက်တိုး)စပါးမျိုးနှင့် သွင်းအားစုများ၊ အလားတူ ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်း(၇)သင်းမှ အသင်းသားတောင်သူ(၅၆၅)ဦး၏ ဝါစိုက်ဧက(၂၇၀၀)အတွက် Raka -666(BT)မျိုးနှင့် သွင်းအားစုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက တောင်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)