ဒဂုံတောင် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၌ ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၏ပံ့ပိုးမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသိပညာပေးဟောပြောခြင်းများ၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ စသည်တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းတို့ ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ရန်ကင်းကလေးဆေးရုံကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်နေသော လူနာမောင်ကောင်းဆက်လင်း၊ အသက် ၁၀ နှစ် နေထိုင်သော အမှတ် (၁၄၀၇)၊ နဝဒေးလမ်း၊ (၅၅)ရပ်ကွက်သို့ ကွင်းဆင်း၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လူနာနေအိမ်နဲ့လမ်း၊ ပတ်ဝန်းကျင်လမ်းများအား Mass Chlorination ပြုလုပ်ခြင်း၊ လူနာနှင့်အတူနေ မိသားစုဝင် ၅ ဦးအား (Doxycycline) ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ဓာတ်ဆားထုတ်များပေးဝေခြင်း၊ ရေသန့်ဆေးပြားများပေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများဆောင်ရွက်ခဲ့ပြီး လူနာသစ်ရှာဖွေခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၅၅ ရပ်ကွက်ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေတို့မှ မိုးရာသီတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
နေမျိုးအောင်