ဘားအံ ဇွန် ၅
ကရင်ပြည်နယ် ဘားအံမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့် ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုကျခြင်းများ၊ မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အရေးပေါ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ အနိမ့်ပိုင်းဒေသများတွင် နေထိုင်သည့် ပြည်သူများအားသဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍သိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ ကရင်ပြည်နယ် ဘားအံခရိုင်အနေဖြင့် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် သဘာဝဘေးနှင့် နှစ်စဉ်ကြုံတွေ့နေရသည့်အတွက် ပေါ့ပေါ့နေ၍မရဘဲ လူအင်အား၊ စက်ပစ္စည်းအင်အားများ စုဖွဲ့ထားရှိရန် လိုအပ်ကြောင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံ ထားရှိရန်လိုအပ်ကြောင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိဌာနလုပ်ငန်းအပြင် ကော်မတီ၏ လုပ်ငန်းတာဝန်များကိုပါ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အဆင့်ကော်မတီဝင်များ ပရဟိတအသင်းအဖွဲ့များမှ ယခင်နှစ်ဆောင်ရွက်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်များပေးအပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လူအင်အား၊ စက်ပစ္စည်း အင်အားစုဖွဲ့ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြဆောင်ရွက်မည့်အစီအစဉ်များ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရန်စီမံထားရှိမှုများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ဘားအံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)