တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားသို့ တက်ရောက်

ကန်ကြီးထောင့် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်ကြည့်ရှုခဲ့ကြသည်။

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာရှိ ကွင်းအမှတ် ၁၈၆ဂ၊ ဦးပိုင်အမှတ် ၉/စ၊ တောင်သူဦးဆန်းဦး၏ လယ်ဧက (၃) ဧကရှိ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား ထယ်ထိုးထည့်သွင်းခြင်း ကို ကြည့်ရှု့အားပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံ၍ အားပေး စကားများပြောကြားခဲ့သည်။

လယ်ယာမြေများတွင် ပိုက်ဆံလျှော် စိုက်ပျိုး၍ လယ်မြေအတွင်းသို့ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်း၊ အပင်ကြီးထွားမှုမြန်သောအပင်မျိုးဖြစ်ပြီး ပေါင်းပေါက်ရောက်မှုကို ‌လျှော့နည်းစေခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်အား သက်တမ်း ၄၅ ရက်သားတွင် မြေအတွင်းသို့ ထည့်သွင်းမြေမြှုပ်ပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅) တန်မှ (၇) တန် အထိရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)