ရွှေဘိုမြို့၌ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ရွှေဘို ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက သင်တန်းဖွင့် အမှာစကားပြောကြားရာ “အသေးစား၊ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အသေးစားကုန်ထုတ် လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများကိုပါ အလုပ်အကိုင် အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရေးကို အထောက်အကူပြုစေမှာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလင်းထက်မောင်က သင်တန်းဖွင့်လှစ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ “လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို အခြေခံ(၁)ကြိမ်၊ မွမ်းမံ(၁)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပြီးပါက သင်တန်းသားများထဲမှ အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသား(၅)ဦးကို စိစစ်ရွေးချယ်ပြီး တစ်ဦးလျှင် (၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ယနေ့ ၅.၆.၂၀၂၅ ရက်နေ့မှ ၁၁.၆.၂၀၂၅ ရက်နေ့ထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၁၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)