မကွေး ဇွန် ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ မြှင့်တင်ရန်နှင့် အနာဂတ် ကာလမှာ ကျရောက်လာနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများက နိုးကြားသိမြင် လာစေရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမဲ့ သဘောတူညီချက်တစ်ခု ထွက်ပေါ်လာစေရန်အတွက် အရေးပါတဲ့ အပြောင်းအလဲ တစ်ရပ်ဖြစ်လာစေဖို့ နှိုးဆော်တဲ့အနေနဲ့ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” (Ending Plastic Pollution Globally) အဖြစ်သတ်မှတ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူကျွန်းကအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း၊ ဂျယ်ဂျူကျွန်းဟာဆိုရင် ၂၀၄၀ ပြည့်နှစ်မှာ ပလတ်စတစ် ညစ်ညမ်းမှု ကင်းစင်လာစေရန် ကိုရီးယား သမ္မတနိုင်ငံရဲ့ မူဝါဒပိုင်းဆိုင်ရာ ကြိုးပမ်းမှုကို ဦးဆောင်လျက်ရှိပြီး တစ်ခါသုံးခွက်များ ပြန်လည်အပ်နှံတဲ့စနစ်ကို ပထမဆုံး စတင်ကျင့်သုံးခဲ့သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ မကွေးမြို့ကို ပလတ်စတစ် ကင်းစင်တဲ့ မြို့တစ်မြို့အဖြစ် ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားဖော် ဆောင်နိုင်ရေးအတွက် ဈေးဆိုင်များနဲ့ ဈေးဝယ်ပြည်သူတွေကို အသိပညာပေးလက်ကမ်း ဆောင်ရွက်မှုအနေနဲ့ လူစည်ကားရာနေရာများဖြစ်တဲ့ ဈေး(၅)ဈေးမှာ စာစောင်များနှင့် ပလတ်စတစ် အစားထိုးအိတ်များ (Recycle Bag) အခမဲ့ ဖြန့်ဝေခြင်းများကို အသိပညာပေးကာလ(၃)လအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးတော့ တိုင်းဒေသကြီးအတွင်းမှာ ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားဆောင်ရွက်မှုများကို အစဉ်တစိုက် ဆောင်ရွက်ရာမှာလည်း ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်း များသာမက စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေတဲ့ မူဝါဒ၊ ရည်မှန်းချက်တွေနဲ့အညီ ခေတ်နဲ့လျော်ညီတဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်များကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယခင်နှစ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော (နေရာဒေသ) ကျေးရွာဆုကို မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားစောင်းကန်ကျေးရွာအုပ်စု၊ သံဘိုရွာသစ်ကျေးရွာမှ ကျေးရွာဆု ရရှိခဲ့သလို ယခုနှစ်တွင်လည်း မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လှည်းကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း(လှည်းကြီး)က အမျိုးသားအဆင့် (ပြည်ထောင်စု)တွင်လည်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (မူလတန်း အဆင့်)မှာ “ဒုတိယဆု” ရရှိတဲ့အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါကြောင်း၊ ဒါကြောင့် ရေရှည်ဖွံဖြိုးပြီး အနာဂတ် မျိုးဆက်များအတွက် ပတ်ဝန်းကျင် အခြေအနေကောင်းတွေ လက်ဆင့်ကမ်းပေးနိုင်ဖို့၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်သိမ်းရေးအတွက် မိမိတို့တတ်နိုင်တဲ့ အပိုင်းကနေ ဖြစ်နိုင်သမျှ တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗွီဒီယိုပြသခြင်း၊ ကုလသမဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အမှုဆောင် ညွှန်ကြားရေးမှူး၏ ဗွီဒီယိုပြသခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Click ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ဆုရကျောင်းများ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုနှင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အထိမ်းအမှတ် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရရှိသူများနှင့် အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ပြီး၊ တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ခင်းကျင်းပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ