မြစ်ကြီးနား ဇွန် ၅
ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမီတာအထက် ၁၂၀၅ စင်တီမီတာထိ မြင့်တက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးခဲ့ရာ ဧရာဝတီမြစ်ရေသည် မေ ၃ ရက်နေ့တွင် ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရေဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မေ ၃ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ရေမြင့်တက်ခဲ့မှုကြောင့် မြေနိမ့်ရပ်ကွက်များဖြစ်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူရပ်ကွက်များမှ ပြည်သူများအား အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း(ဇီးလွန်)၌ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကယ်ဆယ်ရေးစခန်းမှ ပြန်လည်ရွေ့ပြောင်းနေထိုင်လျက်ရှိသည့် အခြေအနေများနှင့် မေးမြန်းဆွေးနွေးကာ အိမ်ထောင်စုများအား မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန် အောင်ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး စခန်းအတွင်းရှိ အိမ်ထောင်စုများအား ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် မကြာမီ မိမိတို့၏နေအိမ်များသို့ ပြန်လည်ရွေ့ပြောင်းနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှင်းလင်းရေးလုပ်ငန်းများနှင့် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အားပေးပြောကြားကာ အိမ်ထောင်စုများအား ထမင်းထုတ်များနှင့် မုန့်များကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြေမြင့်ရပ်ကွက်၊ မြေမြင့်ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအား ညနေစာထမင်းထုတ်များနှင့်မုန့်များကို ဖြန့်ဝေကျွေးမွေးခဲ့ကြပြီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြစ်ရေကြီးမြင့်မှုကြောင့် မြစ်ကြီးနားမြို့ပေါ်မြေနိမ့်ရပ်ကွက်များဖြစ်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီး၊ ပမ္မတီးစသည့် ရပ်ကွက်များတွင် ရေဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ရေဘေးကယ်ဆယ်ရေးစုရပ်အဖြစ် နေရာ(၈)နေရာ ဖွင့်လှစ်၍ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့ရသည့်အပြင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၁)ခုထိ ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု(၂,၂၅၇)စု၊ လူဦးရေ (၁၀,၃၇၅)ဦးတို့အား ကူညီကယ်ဆယ်ခဲ့ရပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူဦးရေအလိုက် နံနက်စာ၊ ညစာကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယမန်နေ့ညနေပိုင်းမှ ရေပြန်လည်ကျဆင်းပြီဖြစ်သဖြင့် အိမ်ထောင်စုအချို့ ၎င်းတို့၏ နေအိမ်များတွင် ပြန်လည်ရွေ့ပြောင်း နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ပြည်နယ်ရုံးအတွင်း ယာယီရုံးဖွင့်လှစ်တာဝန်ထမ်းဆောင်နေသော ဝန်ထနမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးအတွက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် အရာထမ်း/ အမှုထမ်းများ၏ သားသမီးများအတွက် ယခုလို ထောက်ပံ့ပေးအပ်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သားသမီးတို့အနေဖြင့်လည်း နိုင်ငံတော်က အားထားရသော၊ မိဘများက အားထားရသော သားလိမ္မာ၊ သမီးလိမ္မာများအဖြစ် ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ယာယီရုံးဖွင့်လှစ်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသား/ သမီးတက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူ (၄၂)ဦး၊ အထက်တန်းအဆင့် (၃၄)ဦး၊ အလယ်တန်းအဆင့် (၄၁)ဦးနှင့် မူလတန်းအဆင့် (၁၄၈)ဦး၊ စုစုပေါင်း (၃၀၉)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် (၉၀၅ ၀၀၀၀)နှင့် ငွေကျပ် (၂၄၄၅၀၀၀၀)တန်ဖိုးရှိ ဗလာစာအုပ်၊ ဘောပင်၊ လွယ်အိတ်၊ ထီးနှင့် ကျောင်း ဝတ်စုံများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့ပေါ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ သာမဏေများနှင့် သီလရှင်များ စုစုပေါင်း(၈၅၁)ဦးတို့အတွက် စုစုပေါင်းငွေကျပ်တန်ဖိုး (၄၃,၃၄၁,၀၀၀)ရှိ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်စား၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနခွဲစာရေး ဦးလာမြာပေါ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)